SoC ဆိုတာဟာ System-on-a-Chip ရဲ့အတိုကောက်ဖြစ်ပါတယ်။ SoC ဟာလူအများစုထင်ထားသလိုမျိုး central processing unit (CPU) တစ်ခုတည်းကိုခေါ်တာမဟုတ်ပါဘူး။ CPU နဲ့ GPU လိုမျိုး အဓိကတွက်ချက်မှုတွေကိုပြုလုပ်ပေးတဲ့ Processing parts တွေအပြင် ဖုန်းခေါ်ဖို့၊ အင်တာနက်သုံးဖို့အတွက် modems, နဲ့ တခြား စမတ်ဖုန်းအတွက်အရေးကြီးတဲ့အစိတ်အပိုင်းတွေကို circuit board ပေါ်မှာ chip တစ်ခုတည်းဖြစ်အောင်ပေါင်းစပ်ထားတဲ့ all-in-one package ဖြစ်ပါတယ်။ အဲ့လိုအစိတ်အပိုင်း တွေကို chip တစ်ခုတည်းဖြစ်အောင်ပေါင်းစပ်လိုက်ခြင်းအားဖြင့် နေရာစားသက်သာသွားတယ်၊ ကုန်ကျ စရိတ်လျော့ချနိုင်တယ်၊ စွမ်းအင်သုံးစွဲမှု ကိုလဲသက်သာသွားစေပါတယ်။
SoC ဟာ ပြင်ပအစိတ် အပိုင်းတွေဖြစ်တဲ့ camera, display, RAM, storage တွေနဲ့ချိတ်ဆက်ထ အလုပ်လုပ်ပြီး အဲ့ဒီအစိတ်အပိုင်းတွေကလိုအပ်တဲ့ တွက်ချက်မှုတွေကိုဆောင်ရွက်ပေးတယ်။ ဥပမာ- ဖုန်းတစ်လုံးက လူတစ်ယောက်ဆိုရင် SoC ကအဲ့ဒီဖုန်းရဲ့ဦးနှောက်ပါပဲ။ ဖုန်းတစ်လုံးရဲ့ အပိတ်အဖွင့်ကို လုပ်ပေးတာကစလို့၊ camera ရိုက်တာ၊ display ပေါ်မှာပုံရိပ်တွေပြပေးတာအဆုံး ဖုန်းရဲ့ လုပ်ဆောင်မှုအကုန်လုံးမှာ သူမပါတဲ့နေရာမရှိပါဘူး။
အသေးစိတ်အနေနဲ့ ဆက်ပြောပြရရင် SoC တစ်ခုမှာ CPU, GPU, ISP, NPU နဲ့ Modem စတဲ့ အစိတ်အပိုင်းတွေပါဝင်ပါတယ်။
CPU – Central Processing Unit လို့ခေါ်တဲ့ CPU ကတော့ သူ့နာမည်အတိုင်းပဲဖုန်းရဲ့လိုအပ်တဲ့ processing အများစုကိုဒိုင်ခံလုပ်ပေးတဲ့နေရာပါ။ CPU ကို smartphone တစ်လုံးကလုပ်ရမယ့် မတူညီတဲ့အလုပ် တော်တော်များများကိုလုပ်နိုင်အောင် design ဆွဲထားပါတယ်။ ဒါကြောင့် Operating system နဲ့ apps တွေ run တာအပြင် SoC ထဲမှာရှိတဲ့တခြား processors တွေဆီက data အကူးအပြောင်းပြုလုပ်တာတွေကိုလဲဆောင်ရွက်ပေးရလေ့ရှိပါတယ်။
GPU – Graphic Processing Unit လို့ခေါ်တဲ့ GPU ကတော့ CPU လိုမျိုး အလုပ်အကုန်လုံးကို မကိုင်တွယ်ပါဘူး။ GPU က လိုအပ်တဲ့ တွက်ချက်မှုတွေကို လုပ်ပြီး game တွေ၊ application တွေကို display ပေါ်မှာဖော်ပြပေးဖို့ပဲ တာဝန်ယူပေးပါတယ်။ GPU တွေကို တွက်ချက်မှုတွေအများကြီးကိုတစ်ပြိုင်တည်းလုပ်နိုင်အောင် design ဆွဲထားတဲ့အတွက် သန်းနဲ့ချီတဲ့ pixel တွေအတွက် ကို display ပေါ်မှာအချိန်နဲ့တစ်ပြေးညီထုတ်ပေးနိုင်စေပါတယ်။
ISP – ဆိုတာကတော့ Image Processing Unit ပါ။ သူက camera ကရိုက်လိုက်တဲ့အချိန်မှာထွက် လာတဲ့ data တွေကို ပိုပြီး ပြတ်သားဖို့အတွက် sharpening, noise reduction တွေအပြင်တခြားပုံအရည်အသွေးကိုတိုးတက်စေမယ့် focusing, color reconstruction စတာတွေပြုလုပ်ပြီး ပုံတွေ၊ ဗီဒီယိုတွေအဖြစ် ပြောင်းလဲပေးပါတယ်။
NPU – Neural Processing Unit လို့ခေါ်တဲ့ NPU တွေကိုတော့ အသံနဲ့ အမိန့်ပေးတာတွေ နဲ့ camera ရိုက်တဲ့အခါမှာသုံးတဲ့ artificial intelligent တွေအတွက်ပိုပြီးမြန်ဆန်အောင်အသုံးပြုလေ့ရှိတယ်။ ဥပမာ – ကင်မရာကနေအစားအသောက်ပုံတွေကိုမြင်လိုက်တာနဲ့ ပိုပြီးစားချင်စဖွယ်ဖြစ်အောင် saturation ကိုမြှင့်ပေးလိုက်တာမျိုး၊ virtual voice assistant တွေရဲ့တုန့်ပြန်မှုတွေပိုမြန်လာအောင်၊ ပို smart ဖြစ်လာအောင် လုပ်ပေးတာမျိုးပေါ့။
Modem – ကတော့ MPT, Telenor တို့လို service provider တွေဆီ network ချိတ်ဆက်လို့ရအောင်လုပ်ပေးပါတယ်။ Modem ရဲ့ performance ပေါ်မှာမူတည်ပြီး data connection အမြန်နှုန်းတွေ၊ လိုင်းမိမမိတွေ ကွာခြားသွားနိုင်တယ်။ လက်ရှိ SoC တွေမှာ 4G modems တွေအဓိကအသုံးပြုနေပြီး 5G modems ပါတဲ့ SoC တွေလဲများလာပါပြီ။ ဒါပေမယ့် ဒီနိုင်ငံမှာတော့ 5G မရသေးတဲ့အတွက် 5G ပါတဲ့ modem သုံးထားလဲ ဘာမှတော့ထူးမှာမဟုတ်ပါဘူး။
လက်ရှိ Android ဖုန်းတွေရဲ့ SoC တွေကိုအဓိကထုတ်ပေးနေတာက Qualcomm ဖြစ်ပါတယ်။ ဒါကြောင့်ဈေး ကွက်ထဲကဖုန်းအများစုမှာ Qualcomm ရဲ့ Snapdragon SoC တွေကိုပိုပြီးတွေ့ရလေ့ရှိတယ်။ Qualcomm ရဲ့ SoC line up တွေကို snapdragon 400, 600, 700 နဲ့ 800 ဆိုပြီးခွဲလို့ရမယ်။ 400 နဲ့ 600 က budget to mid-range ဖုန်းတွေမှာသုံးပြီး 700 ကို upper mid-range နဲ့ 800, 8 gen 1 ကတော့ flagship တွေမှာသုံးပါတယ်။
Qualcomm နဲ့အပြိုင်လို့ပြောလို့ရတဲ့နောက်ထပ် company တစ်ခုကတော့ MediaTek ပါ။ MTK လို့လူသိ များပြီးအရင်ကလူတွေသိပ်မကြိုက်ခဲ့ကြဘူး။ ဒါပေမယ့် ခုနောက်ပိုင်းထွက်တဲ့ Dimensity SoC တွေက တော်တော်လေးကောင်းလာပါပြီ။ လက်ရှိအချိန်မှာ Dimensity ရဲ့ 700, 800 series တွေကို midrange ဖုန်းတွေမှာတွေ့ရမယ်၊ 900, 1000 series တွေကို upper midrange ဖုန်းတွေမှာတွေ့ရမှာဖြစ်ပြီး 8000 နဲ့ 9000 series တွေကိုတော့ flagship ဖုန်းတွေအတွက်ထုတ်ပေးထားတယ်။
ဒီလောက်ဆိုရင်တော့ smartphone တစ်လုံးရဲ့ SoC ဆိုတာကဘာလဲ၊ SoC တစ်ခုမှာဘာတွေပါလဲဆိုတာသိလောက်ပြီထင်ပါတယ်။